ဒက္ခိဏခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

နေပြည်တော် ဇွန် ၂၃

စာပေချစ်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေမှရရှိသော အတွေးအခေါ်များကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ စာဖတ်ဝိုင်းသို့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြား‌ရေးမှူး ဒေါ်သင်းသင်းဦး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာများ၊ Women Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် က အဖွင့်အမှာစကား ပြောကြားရာတွင် "စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြင့် စာဖတ်သူအချင်းချင်း အတွေးအမြင်များကို ဖလှယ်နိုင်ပြီး ဘဝတိုက်ပွဲတွင် ကြုံတွေ့ရမည့်အခက်အခဲများကို စာပေအသိဖြင့် ဖြတ်ကျော်နိုင်မည်ဖြစ်‌ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းတွင် စာရေးဆရာများဖြစ်သည့် ဦးမောင်မောင်တာ (သဘာဝ)၊ ဦးဝင်းကို (ယုံလေး) နှင့် ဦးအောင်ကျော် (ကာတွန်းအောင်ကျော်) တို့က စာအုပ်ပါ ဘဝဒဿနများနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့အကြောင်းကို လည်းကောင်း၊ မောင်ကျော်ဇော (ရှင်မတောင်နံ့သာ) နှင့် ရွှေပြည်စိုး (မိုးကုတ်) တို့က ခရောင်းလမ်းကို ဖြတ်ကျော်ရာတွင် လိုအပ်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဝင်း၊ Women Clubအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက မိမိတို့၏ ဘဝအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ စာအုပ်မှရရှိသည့် သင်ခန်းစာများကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)