မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

မြစ်သား ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း လူငယ်စကားဝိုင်းကို ဇွန် ၂၃ ရက် နံနက် နာရီခွဲ အဆိုပါကျောင်း ကျန်စစ်သားခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွတ်တော်ကိုယ်စား လှယ် ဦးသန်းဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ပြောကြားရာတွင် ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာ ပြီးအနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး  ဒေါ်အေးသီတာက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်  လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဦးဆောင်ပြီး Grade-8 ကျောင်းသား မောင်သီဟနိုင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊  Grade-9  ကျောင်းသူ မနှင်းလဲ့လဲ့မွန်က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့် လည်းကောင်း၊  Grade-9 ကျောင်းသူ မချမ်းမြေ့မြေ့သော်က လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade–8 ကျောင်းသူ မဝင့်ဝါအောင်က လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသောမေးခွန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၊ ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဦးဇော်နိုင်မင်း မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် အဖွဲဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်‌ခြေနီအသင်း အဖွဲ့ဝင်များ၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၇၅ ဦး ခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)