နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအသိပညာပေးရှင်းလင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၂၃

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နိုင်ငံသူ၊ နိုင်ငံသားများ၏ အခွန်ယဉ်ကျေးမှု (Tax Culture) ဖြစ်ထွန်းခိုင်မာစေရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် ကြည်သာပျူငှာစွာ အခွန်ထမ်းဆောင်လိုမှု (Tax Morale) မြင့်မားတိုးတက်စေရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဆိုင်ရာတာဝန်များကို လေးစားလိုက်နာသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း/ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် အခွန်အကောက်စနစ်ကို ပြည်ထောင်စုအစိုးရက ကောက်ခံသည့် အခွန်အခများ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရများက ကောက်ခံသည့်အခွန်အခများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများက ကောက်ခံတဲ့အခွန်အခများဆိုပြီး အဆင့် (၃) ဆင့်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ စီးပွားရေးပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေများကိုကောက်ခံရရှိရန်လိုအပ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၈၉ အရ “ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းပါရှိရာ လုပ်ငန်းရှင်ကြီးများအနေနဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုရရှိခြင်းတို့ ကြောင့် ကျသင့်အခွန်ကို ပေးဆောင်ကြရမှာဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေနဲ့လည်း နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ အခွန်ငွေများ တိုးတက်ကောက်ခံရရှိစေရေးနဲ့ အခွန်တိမ်းရှောင်ခြင်း၊ အခွန်လွတ်ကင်းကြွင်းကျန်မှုများ မရှိစေရေးအတွက် အဆင့်ဆင့်သောအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာဌာနများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခွန်ထမ်းပြည်သူတွေကို အခွန်ဆိုင်ရာကိစ္စရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့၊ အခွန်တာဝန်တွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လိုက်နာဆောင်ရွက်စေဖို့နဲ့ အခွန်ကို လိုလားစွာ ထမ်းဆောင်လာစေဖို့ ရည်ရွယ်ပြီး အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွေကို ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် အခွန်ထမ်းပြည်သူများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားလာပြီး အခွန်ထမ်းလိုက်နာမှု ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာလည်း ပြေစာအခွန် အမှတ်တံဆိပ်ကပ်နှိပ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရတဲ့လုပ်ငန်းတွေမှာ အခွန်အမှတ်တံဆိပ်တွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ကပ်နှိပ်စေဖို့လိုမှာဖြစ်ပြီး ပြေစာအခွန် အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ဥပဒေနှင့်အညီ တိတိကျကျ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေဟာ  ဖွံ့ဖြိုးလာတာနဲ့အတူ နေထိုင်တဲ့ လူဦးရေတိုးမြင့်လာပြီး စီးပွားရေးလုပ်ငန်းများလည်း များပြားလာတာကို တွေ့ရမှာဖြစ်ပြီး များပြားလာတာနဲ့အမျှ ပြေစာအခွန်အမှတ်တံဆိပ် ကပ်နှိပ်ရမည့်လုပ်ငန်းများအနေဖြင့် ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်စေရေး စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေးဖော်ထုတ်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှု တိုးတက်စေရေး အတွက် မိမိတို့အနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါ‌ကြောင်း၊ လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာမှုတိုးတက်လာတာကို တွေ့ရှိရပေမဲ့ အချို့ဆိုင်များမှာ လိုက်နာမှု အားနည်း နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နိုင်ငံတော်အတွက် အခွန်ကောက်ခံရရှိမှုတိုးမြင့်လာစေရေးအတွက် အခွန်ထမ်းသစ်များ တိုးချဲ့ဖော်ထုတ်ခြင်း၊ အခွန်လွတ်ကင်းမှုများဖြစ်ပေါ်နေတဲ့ နယ်ပယ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အခွန်ကောက်ခံနေသည့် ဌာနများကိုလစဉ် တိုးတက်မှုရှိစေရေး ဖိဖိစီးစီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးက ကဏ္ဍစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ပြီး အခွန်ထမ်းပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)