ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ   ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင်  ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ဆယ်အိမ်စု အစုအဖွဲ့နှင့် ရာအိမ်စု အစုအဖွဲ့များ ဖွဲ့စည်းခြင်းအဆင့်ဆင့်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ ရွေးချယ်ခြင်းဆိုင်ရာနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို တတိယအကြိမ် ပြင်ဆင်သည့် ဉပဒေနှင့်အညီ ရွေးချယ်ခန့်ထားဆောင်ရွက်နိုင်ရေး အသေးစိတ် အချက်အလက်များအား ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများ၊ လက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ကျိုင်းတုံမြို့နယ်အတွင်း၌ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၃)အုပ်စုရှိပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)