တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) တွံတေးမြို့နယ်၌ ဖွင့်လှစ်

တွံတေး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးမှ ကြီးမှူးဖွင့်လှစ်သော တွံတေးခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training Of Trainers-TOT) သင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင် ဒုတိယဥပဒေအရာရှိ ဦးဦးထွန်းစိန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က သင်တန်းအဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်ပြည့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဥပဒေအသိပညာများကို ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ ပြန့်ပွားစေရေး၊ နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာများရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးနှင့် ဥပဒေပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် သင်တန်းဆရာများ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တွံတေးခရိုင်အတွင်း မြို့နယ် (၅) မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၃) ဦး တက်ရောက်သင်ကြာလျက်ရှိပြီး သင်တန်းကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)