တာမွေ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ရက်(၁၀၀) စီမံချက်ဖြင့် စီစဉ်ကျင်းပသော မူးယစ်ဆေးဖြတ်သင်တန်းသားများအား လူနေမှုဘဝနယ်ပယ်အသီးသီးတွင် ပြုမူနေထိုင်နည်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီးသူများ အနေဖြင့် လူနေမှုဘဝနယ်ပယ်အသီးသီးသို့ ဝင်ရောက်သည့်အခါ မည်ကဲ့သို့ လိုက်လျောညီထွေအောင် ပြုမူနေထိုင်ရမည်ဆိုသည့် သိကောင်းစရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများက လူနေမှုဘဝနယ်ပယ်အသီးသီးနှင့် လိုက်လျောညီထွေအောင် ပြုမူနေထိုင်နည်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဟာသသရုပ်ဆောင် လူရွှင်တော်ဦးချစ်ချောက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့သည့် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လုပ်ငန်းစီမံချက် များနှင့်အညီ ရပ်ရွာအခြေပြုသင်တန်းတက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရန်တို့အတွက်ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (တာမွေ)