အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော Online Physical Fitness Dance ပြိုင်ပွဲသို့ ဒလမြို့နယ်မှ ပြိုင်ပွဲဝင် (၁၄) ဦး ဝင်ရောက် ယှဉ်ပြိုင်

ရန်ကုန် ဇန်နဝါရီ ၂၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော Stay at home ကာလအတွင်း ပြည်သူများ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အားကစား လေ့ကျင့်မှု အလေ့အကျင့်ကောင်းတစ်ခု ရရှိစေရန်နှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါဘယများမှ ကင်းဝေး စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ကြီးမှူးကျင်းပ ပြုလုပ် သော Online Physical Fitness Dance ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပလျက်ရှိရာ   ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြိုင်ပွဲဝင် ကစားသမား ၁၄ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နမူနာပုံစံတင်ပေးသော Online Physical Fitness Dance ၃ မိနစ်စာ ဗီဒီယိုအတိုင်း လိုက်ပါကစား၍ မိမိ ပါဝင်ယှဉ်ပြိုင် ရိုက်ကူးထားသော ဗီဒီယိုကို မိမိ ဖေ့ဘုတ် အကောင့် မှ  Sped Dala ဖေ့ဘုတ်အကောင့်သို့ ပို့စ်တင် Tag တွဲ၍ ပေးပို့ရမည်ဖြစ်ပြီး၊  ပို့စ်များကို Sped Yangon  နှင့် လှုပ်လှုပ် ရှားရှားလူထု အကောင့်သို့ ဆက်လက် Tag တွဲ ပေးပို့ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊  ပြိုင်ပွဲဝင်ယှဉ်ပြိုင်ရမည့် ပွဲစဉ်ကိုးပွဲ ပါဝင် မည်ဖြစ်ပြီး၊ ပွဲစဉ် ၁ မှ ၈ ထိ သတ်မှတ်ထားသော Physical Fitness Dance ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊  ပွဲစဉ် ၉ မှာ စိတ်ကြိုက်သီချင်း၊ စိတ်ကြိုက်ကကွက်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပွဲစဉ် ၇ ကို ယှဉ်ပြိုင်လျက် ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးကျော်ဇင်ဦး ထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလူထုအားကစားပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှတိုက်များရှိ နိုင်ငံများ မပြုလုပ်နိုင်သေးသော အွန်လိုင်းပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲအား  လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှ ဆုကြေးများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)