လသာ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ သူနာပြုသိပ္ပံကျောင်းတွင် ဇွန် ၂၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကျောင်းသားတစ်ဦး၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း သိရှိရသဖြင့် ရောဂါထပ်မံမပြန့်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးပြည်စိုး ဦးဆောင်သောအဖွဲ့တို့ ပူးပေါင်းကာ သင်တန်းကျောင်း အဆောက်အဦနှင့် ပတ်ဝန်းကျင်ဧရိယာတစ်လျှောက် ခြင်ဆေးဖြန်းခြင်း (Fogging) လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုများသည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး၊ ခြင်ပေါက်ဖွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးလုံခြုံမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)