လယ်ဝေးမြို့နယ်၌  “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) များကျင်းပ

လယ်ဝေး ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်‌တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ပညာ‌ရေးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) များကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ သဲကောကြီးကျေးရွာနှင့် ဝက္ကမူကျေးရွာတို့တွင် ကျင်းပသည်။

ရှေးဦးစွာနံနက် ၉ နာရီက လယ်ဝေးမြို့၊ သဲကောကြီးကျေးရွာ ရာပြည့်ခန်းမတွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က အဖွင့် အမှာစကားပြောကြားပြီး ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက ပြည်သူ့စကားဝိုင်းကျင်းပခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဌေး၊ ခုတင်-၁၀၀ ဆေးရုံအုပ်ဒေါက်တာနန္ဒာကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦး စီးမှူးဦးစန်းယုလှိုင်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇင်ဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များ မိမိတို့ရပ်ရွာအတွင်း လိုအပ်ချက်များအား မေးမြန်းခဲ့ကြရာ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာန များမှတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရာ လယ်ဝေးမြို့နယ်ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ မြို့နယ်ပညာရေးမှူးဒေါ်စမ်းစမ်းသွယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇင်ဦးတို့က ဆွေးနွေးခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)