တောင်ဥက္ကလာပ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းအား ဇွန် ၁၉ ရက်နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်၊ မာဃဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တီဘီရောဂါ ကွင်းဆင်းရှာဖွေ စစ်ဆေးဆောင်ရွက်ပေးခြင်းအား အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း (ဗဟိုရန်ကုန်ရုံးခွဲ) (NTP)နှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွေထွေရောဂါကုသပေးခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့သလိပ်စစ်ပေးခြင်းနှင့် လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၄၊ ၇၊ ၁၀၊ ၁၂၊ ၁၄)ရပ်ကွက်များသို့ သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)