ဒဂုံအရှေ့ ဇွန် ၂၁
အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက် Mobile Training bus ဖြင့် ဇွန်လ ၁၉ ရက်နေ့က စက်ရုံ (၃) ရုံတွင် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေတို့ပါ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွာသာကြီး (အကြီးစား) စက်မှုဇုန်၊ ကျန်စစ်သားလမ်းနှင့် ပုဂံလမ်းထောင့်အမှတ် (၄၄၊ ၄၅) ရှိ Real Star Asia Garment Co.,Ltd အထည်ချုပ်စက်ရုံ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ကနောင်မင်းသားကြီးလမ်း အမှတ် (၁၄၉/၃) ရှိ Westwood Myanmar Co.,Ltd အထည်ချုပ်စက်ရုံနှင့် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း အမှတ် (၁၄၅) ရှိ Modern Food World Food Industries Co,Ltd (ရေခဲချောင်း၊ ရေခဲမုန့်) စားသောက်ကုန်လုပ်ငန်းတို့တွင် Mobile Training Bus အသုံးပြု၍ စက်ရုံများအရောက် အသိပညာပေးဆွေးနွေးကြောင်း သိရသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများ အလုပ်သမားဥပဒေများ သိရှိကာ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ