ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို အမှတ် (၇) ရပ်ကွက်ဓမ္မာရုံနှင့် (၈)ရပ်ကွက်ရှိ အမှတ်(၂)ဈေးတို့၌ ယမန်နေ့ကဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပါ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကိုလည်း‌ကောင်း၊ တားမြစ်ချက်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး အမှိုက်များကိုသတ်မှတ်ထားသည့်နေရာတွင်သာ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့စွန့်ပစ်ရာတွင်လည်း သက်ဆိုင်ရာ ဌာနကသတ်မှတ်ထားသည့်အတိုင်း စွန့်ပစ်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်နီလာဝင်းက ရပ်/ကျေးဥပဒေပါ ဖော်ပြချက်များနှင့် ရန်ကုန်မြို့‌တော်စည်ပင်သာယာရေး ဥပဒေပါပြဋ္ဌာန်းချက်များကို ဆွေးနွေးခဲ့ပါကြောင်း သိရသည်။

အေးမဉ္ဇူ