ဒဂုံတောင် ဇွန် ၂၁
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများနှင့် ကျောင်းသား / ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှင်းလင်းဆွေးနွေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ကြရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြကြောင်း သိရှိရသည်။
နေမျိုးအောင်