မင်္ဂလာတောင်ညွန့် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၁၂:၃၀) နာရီအချိန်က အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မြတ်မြတ် အေးကစာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကဗျာပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးကယှဉ်ပြိုင် ခဲ့ကြပြီးနောက် စာရေးဆရာမ မေ(ရန်ကုန်)က စာဖတ်ကြသည်ဆိုရာဝယ်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးသည်အရေးကြီးကြောင်းနှင့် စာတတ်ပါက စာဖတ်ကြရမည်ဖြစ်သဖြင့် ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိ စေမည့်စာပေများကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် ယဥ်ကျေးလိမ္မာသူများဖြစ်ဖို့အတွက် စာဖတ်ရန်စသည့် အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။
ထိုနောက်ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှိမ်သိမ့်ဆု (၂) ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးများကိုတာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်ဂိမ်းကစားပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးများက စကားပုံဆက်ဂိမ်းကစားခြင်း၊ ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းနှင့် ဘယ်ခြေညာ လက်ကစားခြင်းတို့ကို ပျော်ရွှင်စွာကစားခဲ့ကြပြီး အနိုင်ရရှိသူများအား ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကို ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)