ရန်ကင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပ

ရန်ကင်း ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား တိုက်ရိုက်ထိတွေ့ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကို အခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ “ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီက အမှတ် (၉) ရပ်ကွက် သာသနာ့ဟိတကာရီဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ ဒေါက်တာကျော်ဇင်ဦးက ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သီတာစံက ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသက်ဦးက ရေစီးရေလာနှင့် ရေမြောင်းစနစ်ဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်မီးသတ်စခန်းမှဦးစီးအရာရှိ ဦးထိန်လင်းက မီးဘေးလုံခြုံရေးနှင့် သဘာဝဘေး ကာကွယ်ရေးဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းအောင်က နိုင်ငံသားမှတ်ပုံတင်နှင့် လူမှုဝန်ဆောင်မှုများ လွယ်ကူချောမွေ့စေရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုလှိုင်က ဥပဒေကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က မူးယစ်ဆေးဝါးနှင့် မှုခင်းကာကွယ်ရေးကဏ္ဍများနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးကြသည်။

အခမ်းအနားသို့ အမှတ် (၉) ရပ်ကွက်နေ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းလိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာများက  ပြန်လည်ရှင်းလင်းဖြေကြားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)