နေပြည်တော် ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ပျဉ်းမနား)၌ ကြံစိုက်ပျိုးတောင်သူများထံ နည်းပညာဖြန့်ဖြူးဖလှယ်နိုင်ရန်ရည်ရွယ်၍ ဇွန်လ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ကြံသုတေသနရလဒ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကြံအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူအချင်းချင်း အတွေ့အကြုံ ဖလှယ်ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် သကြားထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစိုးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား)၊ ခြံတာဝန်ခံ ဒေါက်တာအိအိခိုင် က သုတေသနဆောင်ရွက်မှုရလဒ်များနှင့် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် တောင်သူများက သုတေသနပညာရှင်များ ဆောင်ရွက်ခဲ့သည့် ကြံမျိုးသစ်များ၏အရည်အသွေးရလဒ်များ၊ တစ်သျှူးကြံမျိုး ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ မျှတစွာတွဲဖက်အသုံးပြုမှုအခြေအနေများကို ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ပျဉ်းမနားမြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ ကျွန်းဦး၊ ဆင်သေ၊ ကျီးအင်း၊ နတ်သူရဲနှင့် သနပ္ပင်ဆိပ်ကျေးရွာများမှ ကြံစိုက်ပျိုးတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)