နမ္မတူ ဇန်နဝါရီ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနှင့် တာဝန်ရှိသူများက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၂၄၁.၃၇၇)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း အရှည် (၁/၆)မိုင်၊ အကျယ် (၁၂)ပေ၊ ထု (၁)ပေ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ စေ့စပ်ညှိနှိုင်း မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်တောင်ကုန်း-လွယ်ဝိန်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းမှာ ယခုအချိန်ထိ (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ကျောက်ချောလမ်းခင်းပြီးပါက လွယ်ဝိန်း၊ ဝိုးကပ် ကျေးရွာများရှိ ဒေသခံပြည်သူများအား သွားရေးလာရေး အဆင်ပြေစေကာ စီးပွား၊ လူမှု၊ ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)