လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း လုပ်ငန်းအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် တာဝန် ထမ်းဆောင်ရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းများအတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁၉) ရပ်ကွက်နှင့် အလယ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရာအိမ်မှူး ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများအားသိရှိနိုင်စေရန်၊ ၆၆/၆ရှိသည့် အိမ်ထောင်စု တစ်စုလျှင် အိမ်ထောင်စုဝင်ကိုယ်စားလှယ်တစ်ဦး စာရင်း ပေးသွင်းပြီး ၄င်းမှ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်း ပြီးဆုံးချိန်အထိ တစ်ဦးတည်းဖြစ်ရမည်ဖြစ်ကြောင်း၊ ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ပုံအဆင့်ဆင့် ရာအိမ်မှူး၊ဆယ်အိမ်မှူး ရွေးချယ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက အသိပညာပေး ဟောပြောသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ်(၂၀)ရပ်ကွက်အပိုင် (၃)နေရာ ယနေ့နံနက်တွင် အမှတ် (၁၉) ရပ်ကွက် အောင်ဗောဓိဓမ္မာရုံ ၊ဓမ္မဝိဟာရဓမ္မာရုံ နှင့် အလယ် ကျေးရွာ အောင်ဇေယျ မင်းဘုန်းတော်ကြီး ကျောင်းတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ မှန်ကန်စွာ ရွေးချယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)