အင်းစိန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် အစိုးရနှင့် ပြည်သူအကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်နိုင်ရန် “ဒေသဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၁၀ နာရီက ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဘိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ အင်းစိန်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဦးစီးဌာနမှ မြို့သန့်ရှင်းသာယာရေး သရုပ်ပြဖျော်ဖြေ ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်သူ့စကားဝိုင်းကို စတင်ဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ မှဦးဆောင်ဆွေးနွေးပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းမှ ဒေသဖွံဖြိုးရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေနွေးပြောကြားခဲ့ပြီး ဦးထင်ကျော်သူ (မြို့နယ်လဝကဦးစီးမှူး)၊ ရဲမှူးကျော်ဟိန်း (မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ ဦးဝင်းနိုင် (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး)၊ ဦးဆန်းယု(ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် ဒေါက်တာ နွေးအိလှိုင်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြန်ကြာရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေသော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးနံရံကပ်ဗီနိုင်းပြသခြင်းများ ဆောင်ရွက်ကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)