နောင်ချို ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ရာသီဥတုညီညွှတ်မျှတစေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က မျက်ချင်းနုအုပ်စု၊ နောင်ဩကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ရဲရင့်ရန်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်းသူလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သစ်တောဦးစီးအရာရှိတို့မှ ပျိုးပင်များပေးအပ်ရာ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၁၀၀)ပင်၊ ခါတော်မှီ(၁၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ခရေ(၁၀၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၇၀၀)ပင်အား နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၅၀၀)ဦးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)