ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးရေပြင်တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော ရေပြင်မီးငြှိမ်းသတ်ရေးနှင့်‌ ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ ကန်တော်ကြီးသဘာဝရေကန်တွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။

ထိုနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် ဖွဲ့စည်းထားရှိသော အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် USAR (Medium Team)မှ အင်အား(၃၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဖွဲ့စည်းထားရှိသော အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့ USAR (Light Team) မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(၄၀)ဦး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၂၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်(၃၀၀)ဦး စုစုပေါင်းအင်အား(၅၀၀)ဦးတို့က ရှာဖွေကယ်ဆယ်ရေးသုံး အမြန်ရေယာဉ်များဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား ချီတက်အလေးပြုကြသည်။

ဆက်လက်၍ Assault Boat များ စက်စွမ်းအားပြည့်မောင်းနှင်သရုပ်ပြသခြင်း၊ Air Boat မောင်းနှင်သရုပ်ပြသခြင်း၊ Connector Boat များ စွမ်းရည်ပြသခြင်း၊ Fire Boat ဖြင့် ရေပြင်မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း၊ Intelligent Lifebouy ဖြင့် ရေနစ်သူများအား ကယ်ဆယ်ခြင်းနှင့် Dive Suit ဖြင့် ရေငုပ်၍ ကယ်ဆယ်သရုပ်ပြခြင်းများကို ဆောင်ရွက်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

၎င်းနောက် နှစ်စဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူဖြည့်တင်းပေးထားသည့် ခင်းကျင်းပြထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)