တွံတေးမြို့နယ် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးနေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး

တွံတေး ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/ QR Code ဖြင့် စုံ/မရက်ဖြန့်ဖြူးရောင်းချမှုနှင့် စီးပွားဖြစ် ဆီတန်းစီဝယ်ယူရောင်းချမှုများ မရှိစေရေးယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီဆိုင်များ ဆီရောင်းချနေမှုအခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံးဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေး စသည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် ၅၇ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး