ခရမ်းမြို့နယ် ကရင်ကန်‌ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ခရမ်း ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာ ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမောင်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစုစုလှဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်တို့က မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းကို ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ  ရှိလာ စေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရသည်။

ခင်နှင်းဝေ(ပြန်/ဆက်)