သီပေါ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်နန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီအချိန် က အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်းကို မိုးတေကျေးရွာအုပ်စု၊ မိုးတေကျေးရွာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်း က အမှိုက်ကင်းစင်စံပြကျေးရွာ သတ်မှတ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျေးရွာနေ ပြည်သူလူထု ကျန်းမာပျော်ရွှင် စေရန်၊ အမှိုက်တစ်စမြင် တစ်စကောက်ပြီး အမှိုက်များ သန့်ရှင်းစင်ကြယ်စေရန် တို့မှာ ကျေးလက်နေပြည်သူများ၏ တာဝန် ဖြစ်ကြောင်းနှင့် ချမှတ်ထားသော သတ်မှတ်စံများနှင့် ညီမှသာ အမှိုက်ကင်းစင် စံပြကျေးရွာ ရွေးချယ်ခြင်းဖြစ်ပါကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်းကို ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်၍ မိုးတေကျေးရွာအား အမှိုက်ကင်းစင်ကျေးရွာအဖြစ် ဆိုင်းဘုတ်တင်ပေးခဲ့ကြပြီး အမှိုက်ပုံး (၁၀)ပုံးကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ရွာသူ၊ ရွာသားများနှင့်အတူ ရွာလမ်းတစ်လျှောက်တွင် စုပေါင်း၍ အမှိုက်ပုံးများ နေရာချထားပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)