လမ်းမတော်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လမ်းမတော်  ဇန်နဝါရီ  ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသစ် ပြန်လည် ရွေးချယ်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေး ချယ်မှုနှင့် ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ကွင်းဆင်း၍ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အဆင့်ဆင့်ရွေးချယ်မှုများကို ပြည်သူ များ သိရှိနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ (၃) ဖွဲ့မှ ကွင်းဆင်း ဆောင်ရွက် ရမည့် ရပ်ကွက်များစာရင်းကို ပြောကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်  အုပ်ချုပ်ရေးမှူးများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်  (ပြန်/ဆက်)