ကျောက်မဲ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် နှလုံးနှိုးစက်နှင့် မွေးကင်းစကလေး အနွေးပေးစက် ၁ စုံစီ ဝယ်ယူရန်အတွက် ဒေသခံ အလှူရှင်များက အလှူငွေများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးထွန်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ဝယ်ယူမည့် နှလုံးနှိုးစက်တန်ဖိုးမှာ ၁ စုံလျှင် ငွေကျပ် ၅၀ သိန်း၊ မွေးကင်းစ ကလေး အနွေးပေးစက် ၁ စုံလျှင် ငွေကျပ် ၂၀ သိန်း စုစုပေါင်း ငွေကျပ် ၇၀ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရပြီး အဆိုပါစက်များဝယ်ယူရန် ဒေသခံအလှူရှင် ၂၀ ဦးက ယနေ့တွင် ငွေကျပ် ၆၄ သိန်း လှူဒါန်းထားကြောင်း သိရသည်။
အလားတူ ကျောက်မဲမြို့နယ်၏ ပထမဦးဆုံး ကျောက်ကပ်သန့်စင် (စက် ၆ လုံး ဆန့်) ကုသဆောင် အဆောက်အဦကို ရပ်နီး/ရပ်ဝေး အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဒီဇင်ဘာလမှစ၍ ဆောက်လုပ်နေပြီး ကျောက်ကပ် သန့်စင်စက် ၄ လုံး အလှူခံရရှိပြီးကြောင်း ကျောက်ကပ် သန့်စင် ကုသဆောင် ဖြစ်မြောက်ရေးကော်မတီဝင် ဦးတင်မောင်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)