တောင်ကြီး ဇွန် ၂၁
ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၀ ရက် နံနက်ပိုင်းက တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်းတွင် ပြုလုပ်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ ဆောင်ရွက်ရန်အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် တောင်ကြီးမြို့ ကံကြီးရပ်ကွက်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောကတ္တရာဖြင့် တပေါင်းကွင်း(တောင်) ပတ်လမ်းနှင့် နဂါးရေထွက်လမ်း၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့ သင်္ခါရ သုသာန်ရှိ ဗုဒ္ဓဘာသာသုသာန်၊ ဟိန္ဒူသုသာန်၊ ခရစ်ယာန်သုသာန်၊ အစ္စလာမ်သုသာန်များ၏ မြေပြင်အခြေအနေများနှင့် တောင်ကြီးမြို့အဝင်တွင် WELCOME TO TAUNGGYI ဆိုင်းဘုတ်ပြုလုပ် မည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)