တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တက်ရောက် မိန့်ခွန်းပြောကြား

စစ်တွေ  ဇွန်  ၂၀

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့၌ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးမျိုးညွန့်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပကြောင်းနှင့်အထမြောက်ကြောင်းကြေညာသည်။

ဆက်လက်၍ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ပထမနေ့)သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်၏ အဆုံးဖြတ်ရယူကာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာ ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ပြောကြားသော မိန့်ခွန်းအား မှတ်တမ်းတင်ကြောင်းကြေညာခဲ့သည်။ ဆက်လက်ပြီး ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် ဆက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး အစည်းအဝေးအား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို မွန်းလွဲပိုင်းတွင် ရပ်နားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)