ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၁၉

ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်‌ဆွေသည် ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ အင်းတိုင်းရင်းသား‌လူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့နယ်နှင့်ညောင်ရွှေမြို့နယ်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများအား ဇွန်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာအနီးရှိ ဆည်ကြီးရေလွှဲဆည် ရေလျှံထိန်းတာပေါင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ လှိုင်းကာကျောက်ရိုးစည်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး၊ ကျောက်ရိုးစည်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ မိုင်းသော်ကျေးရွာအုပ်စု၊ ဟက်ကယ်ကျေးရွာအနီးရှိ ဟက်ကယ်ရေနှုတ်မြောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း အလျား(၇၂၀၀)ပေနှင့် အောက်ခြေအကျယ်(၁၅)ပေ တူးဖော်ဆောင်ရွက်လျက်ရှိသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအုပ်စုရေဦးရေထွက် လက်ဝဲမြောင်းနှင့်လက်ယာမြောင်း ပုံစံကျတူးဖော်ခြင်းလုပ်ငန်း၊ မြေကြီးတူးခြင်းလုပ်ငန်း (၇၉၀)ကျင်း၊ လက်ဝဲလက်ယာ ကျောက်ကြီးစီခြင်းလုပ်ငန်းနှင့် ရေတံခါး (၂)ပေါက် (၄'၇") တပ်ဆင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ သဘာဝရေဦးရေထွက် ရေခမ်းခြောက်မှုမရှိစေရေး ကျေးရွာသူကျေးရွာသားများ၊ တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြေစေရေးအတွက် အင်းလေးကန်အတွင်း သဲနုန်းများဝင်ရောက်မှုကို တားဆီးနိုင်ရန် အင်ကြင်းကုန်းချောင်းပေါ်တွင် အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၆)ပေရှိ ကျောက်စီနုန်းဖမ်းဆည် တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားမှ အလိုတော်ပေါက်ဘုရား ရေကြောင်းလမ်းတလျှောက် သဲနုန်းတူးဖော်ခြင်းလုပ်ငန်း၊ ကျွန်းမျောများ ဆယ်ယူခြင်းလုပ်ငန်းအားလည်းကောင်း၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်မြောက်ဘက်နှင့် အနောက်ဘက် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ အင်းလေးကန်သန့်ရှင်းသာယာလှပရေးနှင့် ရည်ရှည်တည်တံ့စေရေး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ညောင်ရွှေမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အုတ်ဖိုနုန်းထိန်းရေလွှဲဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများအား တာဝန်ရှိသူများက တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)