တောင်ကြီး ဇွန် ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နွားမေထုန်မဲ့သားစပ်နည်းသင်တန်း (၁/၂၀၂၆)သို့ တက်ရောက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ဟိုပုံး)အတွင်းရှိဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇွန်လ(၁၈) ရက်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်းသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ကျူကရိန်းကျေးရွာအနီးရှိ အသေးစားမွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး၊ မွေးမြူရေးဇုန်အတွင်း ဥစားကြက်မွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှု၍ မွေးမြူရေးဇုန်လုပ်ငန်းရှင်များက ဥစားကြက် သားပေါက်လုံလောက်စွာ ရရှိလိုပါကြောင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ထမ့်စမ်းကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ခန်းမဆောင်ဆောက်လုပ်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်ကျေးရွာရှိ Green Gold ကော်ဖီသမဝါယမအသင်းသို့ သွားရောက်၍ ကော်ဖီထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လိုက်ပါရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ Green Gold ကော်ဖီ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကော်ဖီသီးနှံ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေ အနေကိုလည်းကောင်း၊ Green Gold ကော်ဖီမှ တာဝန်ရှိသူတစ်ဦးကအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ်တဝိုင်း-ဟိုနမ့်လမ်းမြေမှ ကတ္တရာခင်းခြင်း လမ်းအရှည်(0.503 km)အား (3.66 m)အကျယ် ကတ္တရာလမ်းခင်းခြင်း၊ အမာခံလမ်းပခုံးခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရက် (၁၀၀)စီမံချက်ဖြင့် ပြည်သူပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်ရှိ နမ့်မဲသာရေလွှဲဆည် ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နမ့်မဲသာရေလွှဲဆည် တူးမြောင်းမကြီး သဲနုန်းတူးဖော်ခြင်း၊ လက်တံအမှတ်(၂)၊ (၃)၊ (၄)၊ (၅) သဲနုန်းတူးဖော်ခြင်းနှင့် အထွေထွေပြုပြင်ခြင်းနှင့် နမ့်မဲသာတူးမြောင်းမကြီး ပေတိုင်(၃၂၀၀၀)ရှိ C.D.C အဆောက်အအုံ ပြုပြင်ခြင်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးကလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)