ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာ ကျေးရွာသွားလမ်းတွင် ဒုတိယအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

မြစ်ကြီးနား     ဇွန် ၂၀

၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်၊ အားဆာကျေးရွာသွားလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး‌ရာဝန်ကြီးက ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်းဖြစ်ပြီး “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးက မြေဆီစိုခိုက် သစ်ပင်စိုက် ဆိုသကဲ့သို့ အရိပ်ရပင်၊ လေကာပင်၊ ပန်းအလှပင်၊ နှစ်ရှည်စားပင်သီးပင်၊ ရတနာတန်းဝင်သစ်မျိုးများကို မိမိတို့နေအိမ်ဝင်း၊ ခြံဝင်း၊ ရုံးဝင်း၊ ကျောင်းဝင်းနှင့် မြေလွတ်၊ မြေလပ်နေရာများတွင် စိုက်ပျိုးပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ရွှေပြည်သာရပ်ကွက်မှ အားဆာကျေးရွာသွား ကားလမ်းဘေးတစ်လျှောက် သတ်မှတ်နေရာအသီးသီးတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး ကြီးကြပ်မှုစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက သစ်အယ်(၄၆၀)ပင်၊ ‌ရေပိတောက်(၂၃၀)ပင်၊ သရက္ခံ(၁၀၀)ပင်၊ စိန်ပန်း(၄၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်နှင့် မယ်ဇလီ(၇၀)ပင် စုစုပေါင်း အရိပ်ရနှစ်ရှည် အပင်ကြီးများပါဝင်သည့် ပျိုးပင်စုစုပေါင်း (၁၀၀၀)ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပြည်တွင်းလူငယ်များ မိတ်ဿဟာယအသင်းတို့ ပူးပေါင်း၍ Myitkyina Cleaning Campaign အစီအစဉ်ဖြင့် အပတ်စဉ် ဆောင်ရွက်လျက်ရှိသည့် ကမ်းနားလမ်းတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ရေစင်ဈေးဧရိယာအတွင်း စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်