ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဇွန် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း အသက်၁၈ နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်း စီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်စိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးရခြင်းနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်စိုး၊ မြို့နယ် ဦးစီးမှူး ဦးအေးကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင် ဦးခင်မောင်ဝင်း၊ မြို့နယ် ပညာရေးမှူး ဦးဇော်မျိုးထွဋ်နှင့် အမှတ်(၆၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က ကျောင်းသား၊ ကျောင်းသူ (၁၃၂ )ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များနှင့်UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)