ဒဂုံဆိပ်ကမ်း ဇွန် ၂၀
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးတို့အတွက် ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်ပြီး အစားအသောက်များ စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများဘေးန္တရာယ်ကင်းရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ သောက်သုံးရေထုတ်လုပ်သည့် စက်ရုံများအား ယမန်နေ့နံနက် (၁၀)နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါက်တာဝင်းဖြိုးမောင် ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အမှတ် (၈၆)ရပ်ကွက်ရှိ ဆုလာဘ်သောက်ရေသန့်စက်ရုံ၊ အမှတ်(၆၉)ရပ်ကွက်ရှိ Phyo+ သောက်ရေသန့်စက်ရုံနှင့် Htet+ သောက်ရေသန့်စက်ရုံ၊ အမှတ်(၆၈)ရပ်ကွက်ရှိ River သောက်ရေသန့်စက်ရုံ၊ အမှတ်(၈၂)ရပ်ကွက်ရှိ နွေမိုးဆောင်း သောက်ရေသန့်စက်ရုံနှင့် အမှတ်(၉၀)ရပ်ကွက်ရှိ Omega သောက်ရေသန့်စက်ရုံတို့အား FDA ထောက်ခံချက်(စ-၂)၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်နှင့် စက်မှုလုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်အညီ သန့်ရှင်းစင်ကြယ်စွာ ထုတ်လုပ်ခြင်းရှိ/မရှိ၊ ရေအရည်အသွေး စံသတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ၊ ဗူးနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိတို့ကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့် ကိုက်ညီမှုမရှိသည့် စက်ရုံ(၂)ရုံအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)