ကျောက်တံတား ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံ၍ အနာဂတ်တွင် နိုင်ငံအတွက် အားထားရသည့် သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၆)၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာတို့က အမှာစကားပြောကြားပြီးနောက် စာရေးဆရာမ ညွန့်ညွန့်(ကလော)က ကျောင်းသား၊ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးစီးအရာရှိ ဦးမြင့်ရွှေက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများသို့ လက်ဆောင်ပစ္စည်းများပေးအပ်ပြီးနောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်