စစ်တွေ ဇွန် ၂၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သံဃာ့သုဿာန်တည်ဆောက်ခြင်းအတွက် အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
အခမ်းအနားကို ဝိမလဓမ္မနာဒ (ဓာတ်လယ်)ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ် အမှူးပြုသော ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သံဃာ့သုဿာန်တည်ဆောက်ခြင်းအတွက် အလှူငွေများလှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင်များအား သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင် ချိန်ခြင်း၊ သွေးအမျိုးစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး သွေးလှူဒါန်းကြသူမည့်သူများကို အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သွေးလှူဒါန်းရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)