မိုင်းဆတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လမ်းကွေ့ချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းဆတ်  ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လေယာဉ်ကွင်းပတ်လမ်းကွေ့နေရာများချဲ့ခြင်းနှင့် အနော်ရထာလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေယာဉ်ကွင်းပတ်လမ်းရှိ လမ်းကွေ့ (၃)နေရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လမ်းအရှည် (၁၂၀)မီတာအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်နယ်ပြုရန်ပုံငွေကျပ် (၂၉.၈၈)သန်းဖြင့် လမ်းကွေ့ချဲ့ခြင်းနှင့်  မြို့တွင်းအနော်ရထာလမ်းအရှည် (၅၆၀)မီတာ လမ်းအကျယ် (၅.၅)မီတာအား ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၄၀)သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

“ကတ္တရာလမ်းနိမ့်ကျွံပြီး ချိုင့်ခွက်တွေဖြစ်နေတဲ့ မြို့တွင်းအနော်ရထာလမ်းကိုတော့ ကတ္တရာထပ်ပိုးလွှာခင်းပြီးပါပြီ၊ လေယာဉ်ကွင်းပတ်လမ်းမှာရှိတဲ့ လမ်းကွေ့(၃)နေရာကို ထပ်ချဲ့ပြီး ကတ္တရာခင်းနေပါတယ်၊ ဒီကွေ့တွေကို ထပ်ချဲ့ရတဲ့ ရည်ရွယ်ချက်က တစ်ဖက်ကလာတဲ့ယာဉ်ကို အလွယ်တကူမြင်တွေ့နိုင်အောင်နဲ့ ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် လမ်းကွေ့ချဲ့ပေးတာပါ ဟု လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၂) မြို့ပြ ဒေါ်နန်းရှဲန်အိုင် က ပြောသည်။

အဆိုပါ လေယာဉ်ကွင်းပတ်လမ်းကွေ့ချဲ့ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီလ ပထမပတ်တွင်အပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)