ပုဇွန်တောင် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ စသည်ဖြင့်စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ပါးစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ဆားလင်းပရိယတ္တိစာသင်တိုက်ရှေ့တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဦးစီး၍ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား အသိပညာပေးဆောင်ပုဒ်များ ရေးသားထားသည့် ဆိုင်းဘုတ်ငယ် များပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် အသိပညာပေးစတစ်ကာကပ် ခြင်း၊ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး တေးသရုပ်ဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးလှုပ်ရှားမှုသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်