နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂ဝ၂၆ ခုနှစ်၊ နေပြည်တော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၂၀

၂ဝ၂၆ ခုနှစ်၊ နေပြည်တော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ငလိုက်-မုံနစ်ဘိနယ်၊ တောင်ညို(၃) ကြိုးဝိုင်းအတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။

ဦးစွာ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သစ်တောသယံဇာတတွေ ရေရှည်တည်တံ့စေ‌ရေး၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး၊ ဂေဟစနစ် ထိန်းသိမ်းနိုင်‌ရေး၊ ရေဝေရေလဲဧရိယာတွေမှာ သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပြည်သူတွေတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ဖို့ရည်ရွယ်ပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံဟာ သစ်ပင်သစ်တောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝအရင်းအမြစ်တွေ ပြည့်စုံစွာရှိနေကြောင်း၊ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသများ၊ အလယ်ပိုင်းလွင်ပြင်များနှင့် ရိုးမတောင်တန်းများ၊ တောင်ပိုင်းပင်လယ်ကမ်းရိုးတန်းဒေသများစတဲ့ကြွယ်ဝတဲ့ ဘူမိအနေအထားနဲ့အတူ စုံလင်တဲ့ဂေဟစနစ်များ၊ သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝသယံဇာတများဟာနိုင်ငံရဲ့ စားရေရိက္ခာ ထုတ်လုပ်နိုင်မှု၊ ဝန်ဆောင်စီးပွား ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင် သာယာဝပြောမှုနဲ့ ရာသီဥတုသမမျှတစေမှုတို့အတွက် ရေခံမြေခံ အခြေခံကောင်းများအဖြစ် တည်ရှိနေပါကြောင်း၊ သစ်ပင်သစ်တောများဟာ သဘာဝဂေဟ စနစ်များ၏ ဗဟိုချက်ဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် စနစ်တကျ စိုက်ပျိုးပြုစုပြီး စီမံအုပ်ချုပ်သွားရမှာ ဖြစ်ပါကြောင်း၊ သစ်တောကြွယ်ဝတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူဦးရေတိုးပွားလာခြင်းနဲ့အတူ တရားမဝင်သစ်ခုတ်ယူခြင်း၊ အလွန်အကျွံသစ်ထုတ်ခြင်း၊ သစ်တောမြေမှ စိုက်ပျိုးမြေအပါအဝင် အခြားမြေ အသုံးချမှုများသို့ ပြောင်းလဲစေသည့် အကြောင်းအမျိုးမျိုးကြောင့် သစ်တောများ ပြုန်းတီးလျက်ရှိပါကြောင်း၊ သစ်တောပြုန်းတီးခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ ဂေဟစနစ်များ ယိုယွင်းပျက်စီးလာပြီး သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်လျက်ရှိနေတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ ဒီနေ့ကမ္ဘာနှင့်အဝှမ်းကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ရာသီဥတုပြင်းထန်စွာ ပြောင်းလဲမှုတွေကြောင့် သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အရေးကြီးပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီအရင်းအမြစ်တွေကို ကာကွယ်ဖို့ဆိုတာ လူများနှင့် သက်ရှိသတ္တဝါများ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောများက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အဓိက မောင်းနှင်အားဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်က အစားအစာ၊ နေအိမ်၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခို လျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင် ဖန်တီးပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်ဖြစ်တာနဲ့အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှု အဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး Green City ၊ Clean City၊ Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်၊ အလားတူနိုင်ငံအဝန်းမြို့ပြတွေနဲ့ ရပ်ရွာဒေသအသီးသီးမှာ စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာ သစ်ပင်သစ်တောတွေ၊ စိမ်းလန်းမြေတွေ (Green Spaces)၊ ဥယျာဉ်တွေ၊ ပန်းခြံတွေ၊ မြို့ပြ သစ်တောတွေ၊ တစ်အုပ်တစ်မ စိုက်ခင်းတွေနဲ့ စိမ်းလန်းစိုပြည်တဲ့ Landscape တွေကို ပိုမိုတိုးမြှင့်တည်ထောင်သွားကြရမှာဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်တွေ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေဖို့ ရည်ရွယ်ပြီး ယခုလို ဦးဆောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊  သစ်တောတွေဟာ အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလ၏ အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံရသော အရင်းအနှီးကောင်းများဖြစ်ကြောင်း၊ ဒါကြောင့်နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုပြန်လည်မျှတ ကောင်းမွန်စေရေးနဲ့ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါစို့လို့ တိုက်တွန်း မှာကြားလိုကြောင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ကံ့ကော်ပင်အားစတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မယ်ဇလီ၊ တမလန်း၊ ခရေ၊ ကံ့ကော်၊ ရေတမာ၊ ယမနေ၊  မဟော်ဂနီနှင့် ဆီသပြေ အပင်(၁၅၀၀) စိုက်ပျိုးနေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောပွဲ အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာ ၂၀၂၆ ခုနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်တဲ့အခမ်းအနားပဲ ဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါမှာ အဓိကကူးစက်မြန် ရောဂါကြီး တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် တည်ရှိနေတဲ့ရောဂါဖြစ်သည့်အပြင် အချိန် ရာသီမရွေး၊ အသက်အရွယ် (ကျား/မ) မရွေး ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်ပွားနိုင်ပါကြောင်း၊  အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်ကျား လောက်လမ်း နှိမ်နင်းခြင်းသည် ပြည်သူလူထုအနေဖြင့် ရပ်ကွက်ကျေးရွာ တစ်ခုအတွင်းရှိ အိမ်အားလုံး၊ ကျောင်းအားလုံး အနေဖြင့် အပတ်စဉ် ပိုးလောက်လမ်းနှိမ်နင်းခြင်းကို အချိန်ကိုက်ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုအကျိုးရှိထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊  မိမိတို့နယ်မြေဒေသအတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ကျစေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့နဲ့ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ယခုကဲ့သို့ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခြင်း အပြင် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းမှနေပြည်တော်အတွင်း ၂ဝ၂၆ခုနှစ်၊  သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဖြိုးမှ ပျဉ်းမနားမြို့နယ်အတွင်း (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်‌တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သရုပ်ပြတင်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြခန်းငယ်အားလှည့်လည် ကြည့်ရှုပြီး ကျောင်းဝန်းအတွင်းနှင့် မင်္ဂလာရပ်ကွက်အတွင်း (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)