ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာယဥာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ

ထန်းတပင်(ရန်ကုန်) ဇွန် ၂၀

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်(အကြို)အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အဖြစ် နယ်လှည့်စာကြည့်တိုက်နှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ လမုတန်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မဥ္ဇူလှိုင်ကအမှာစကားပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းကမူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးတို့ကိုအသိပညာပေးဟောပြောခဲ့ပြီး စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စကားပုံဆက်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးရေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ် စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)