လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ စာရေးဆရာဖေမြင့် ရေးသားသည့်  “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ပျဉ်းမနား ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာရေးဆရာဖေမြင့် ရေးသားသည့် ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်းစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်းစာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူထုအခြေပြု ဗဟိုဌာနတွင် လူငယ်များပါဝင်သည့် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူလူငယ်များက ဘဝတိုး တက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြရာ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ၊ဆရာမများက လူငယ်များ၏ ဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် လူငယ်စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဟိန်းခန့်ဇော်(ပြန်/ဆက်)