ကလော ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နေ့နံနက် ၁၀ နာရီက မြင်းမထိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၆ခုနှစ် ဇွန်လ(၂၆)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြင်းမထိကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပွားစေတတ်သော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့်အန္တရာယ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် အောင်ပန်းမြို့၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှ ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုခံရနိုင်ခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူမှုကွန်ရက်မှ မိတ်ဆွေဖွဲ့ပြီး လူကုန်ကူးခံရနိုင်သည့် နည်းလမ်းများအကြောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)