သထုံ ဇွန် ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ဟောပြောပွဲပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့် အကြောင်းရင်းများစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးဟောပြောရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်း ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ၊ဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်