ဇမ္ဗူသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် နေပြည်တော်စာကြည့်တိုက်များ ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ က အဖွင့်အမှာစကားပြောကြားပြီး "လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးကဟောပြောပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ ဦးဇော်အောင်က မူးယစ်ဆေးဝါးဆိုးကျိုးများနှင့်ပတ်သက်၍ လည်းကောင်း၊ အတွင်းရေးမှူး ဦးစံဝင်းက ကျောင်းသား လူငယ်များမူးယစ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များခေါင်းစဥ်ဖြင့်လည်းကောင်း၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးကျော်လွင် ကျော်လွင်မြင့်(မှော်ဝန်း)ကကွမ်းယာ၊ ဆေးလိပ် ဆိုးကျိုးအန္တရာယ်များအား လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမဒေါ်ဝါဝါမြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နေပြည်တော်စာကြည့်တိုက်များ ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲအပြီးတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာ သုတရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)