တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က ကျား/မရေးရာဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အသိပညာတိုးပွားဖို့ စာအုပ်စာပေဖတ်ကြစို့၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (တပ်ကုန်းတာဝန်ခံ) ရဲအုပ်ဝေဖြိုးဦးက လူကုန်ကူးမှုအန္တရာယ်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးသီနိုင်က လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ပြီးနောက် ရှောက်ကုန်းကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်လွင်စိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်