ဒလမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးစိုးဝင်း ရဲချုပ် (ငြိမ်း)မှ မူးယစ်ဆေးဝါးအမျိုးမျိုးရောက်ရှိလာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း(ဗဟို) အလုပ်အမှုဆောင် စိတ်ကျန်းမာရေးဆရာ ဝန်ကြီး ဒေါက်တာအောင်သော်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမျိုးသန့်မှ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန်ကျောင်းသားမောင်ဇွဲခန့်လွင်မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးရွှေလှိုင်မှ   နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)