ဒဂုံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၈ ရက်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ရှားနိုင်ဖို့ အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တွေကိုရှောင်ရှားဖို့ အသိပညာဗဟုသုတတွေ ပြည့်ဝခြင်းသည် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်နိုင်သည့် အထိရောက်ဆုံးဖြစ်ပါ‌ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ အမှတ် (၄၁) မူးယစ်တပ်ဖွဲ့စုမှ ဒုတိယရဲမှူး မင်းမင်းထက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ktv ၊ ဘား/ကလပ်များတွင် လူငယ်လူရွယ်များ စိတ်ဓာတ်ပျက်ပြားစေနိုင်သော စိတ်ပြောင်းဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးများ သုံးစွဲမှုမရှိစေရေးတို့ကိုဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ