မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းယန်း ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ရွာအနီး မြေကွက်လပ်တွင် ကျင်းပသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းတို့က ပျိုးပင်များပေးအပ်ရာ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်းနှင့်  တောင်သူများတို့မှ လက်ခံရယူသည်။

ထို့နောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနှင့်တကွ မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် မြို့နယ်သစ်တောဦးစီးဌာန  ဝန်ထမ်းများက နိုင်ငံအဝန်းသစ်တောစွမ်းဖြင့် စိမ်းလန်းစေစေရမည်၊ သင့်အတွက်သစ်ပင် ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်း စောင်ပုဒ်များနှင့်အညီ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးတို့အတွက် ကျွန်း၊ ချယ်ရီ၊ မန်ဂျန်၊ မယ်ဇလီ စသည့်ပျိုးပင်များ စုစုပေါင်း ၃၅၀ ကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး