တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ် နည်းများ၊ ရောဂါဖြစ်ပွားပါက ကုသနည်းများ၊ လက်ကို စနစ်တကျ စင်ကြယ်အောင် ဆေးကြောနည်းအပါအဝင်  ကျန်းမာရေးနှင့်အညီ နေနထိုင်စားသောက်နည်းများအကြောင်း တို့နှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူ များအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာ အခြေပြုသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်း သားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား စေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ထက်တံခွန် ( ပြန်/ဆက် )