တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပ

မော်လမြိုင် ဇွန် ၁၆

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့ နံနက်(၁၀:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ပဉ္စမ)နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁)ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၃၀) ဦး တက်ရောက်သဖြင့် တက်ရောက်မှု ရာခိုင်နှုန်း ၉၆ ဒသမ ၇၇ ရာခိုင်နှုန်း ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

အဆိုပါ ပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၅)ခုကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။

ထို့နောက် မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက် နေသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို"နှင့်စပ်လျဉ်း၍  အမည်စာရင်းတင်သွင်းထား‌သော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးပြီး သက်ဆိုင်ရာ ဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြ၍ ပြည်နယ်လွှတ်တော်၏ အဆုံအဖြတ်ကိုရယူခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကတတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အား အနှစ်ချုပ်တင်ပြ၍ ဒုတိယပုံမှန် အစည်းအဝေး အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)