သုံးခွ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဇွန်လ ၁၉ ရက် နေ့လည် ၁၂ နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးသိန်းဟန်က ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝင်းစုမွန်က စာပေးဖတ်ရှုလေ့လာရခြင်း၏ အကျိုးကျေးဇူးများ၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးနိုင်က သဘာဝဘေးအန္တရာယ်နှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကိုကျင်းပရာ အကောင်းဆုံးယှဥ်ပြိုင်နိုင်သူ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများ စိတ်ချမ်းမြေ့ ပျော်ရွှင်စေရန်အတွက် ဂိမ်းကစားပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် စာအုပ်စာပေများနှင့် မုးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀)ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)